ပြည်ကြီးမဏ္ဍိုင်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ  ၁၁ ရက်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ လက်ထောက်မူပြ ဒေါ်သီတာအေးမောင်က သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မိုးရာသီတွင် အဖြစ်များသည့် မုန်တိုင်းဘေးနှင့်ရေ ဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်၍ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန် လိုက်နာသင့်သည့် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်များတွင် မီးဘေး၊ ငလျင်ဘေးများလည်းရှိကြောင်း၊ သဘာဝဘေးများတွင် လူကြောင့်ဖြစ်သောဘေးနှင့် သဘာဝကြောင့်ဖြစ်သောဘေးဟူ၍ရှိကြောင်း၊ လူကြောင့် ဖြစ်သောဘေးမှာ ကြိုတင်ကာကွယ်နိုင်သော်လည်း သဘာဝကြောင့်ဖြစ်သောဘေးမှာ ကြိုတင်ကာကွယ်ရန်ခက်ခဲသောကြောင့် သဘာဝဘေးန္တရာယ်အသီးသီးကို သိရှိထားရန်လိုအပ်ကြောင်း အကျယ်တဝင့်  ရှင်းလင်းဟောပြောခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးနှင့်ပတ်သက်၍ ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။                                                                                              

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)