ခန္တီးမြို့၌ ဆောင်းဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရာတွင် စိုက်ပျိုးရေရရှိရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ခန္တီး စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ဆောင်းဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရာတွင် စိုက်ပျိုးရေရရှိရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က အမှာစကားပြောကြားခဲ့သည်။

ခန္တီးမြို့နယ်တွင် ပေါမိုင်းရပ်ကွက်၊ အောင်သာနှင့် သာစည်ကျေးရွာတို့တွင် ဆောင်းသီးနှံများ အဓိကစိုက်ပျိုးလျက်ရှိရာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေအလုံအလောက်ရရှိနိုင်စေရန် ခရိုင်/မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)