သရက်ချောင်း စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ဖွင့်လှစ်ပြီးနောက် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်မြင့်သိန်းက “ပညာရေးသည် လူတစ်ဦးတစ်ယောက်အတွက်သာလျှင် အရေးပါသည်မဟုတ်၊ လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို တည်ဆောက်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင်လည်း အဓိကနေရာတွင်ပါဝင်လျက်ရှိကြောင်း”၊ “ပညာ”ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကိုသိရှိနားလည် ပြီးစဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်သည့်“အသိဉာဏ်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ပညာရေး စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် အဓိကမဏ္ဍိုင် တစ်ခုဖြစ်သည့် “အမျိုးသားပညာရေးကဏ္ဍ” ကို နိုင်ငံတော်က တာဝန်ယူပုံဖော်ပေးလျက်ရှိကြောင်း၊ ယခုလို “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်”များကို ကျင်းပနိုင်ခြင်းက နိုင်ငံဖွံ့ဖြိုးရေးအတွက် လူသားအရင်းအမြစ်ကို အသုံးချနိုင်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးကို အလေးအနက်ထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊“ပညာဘဏ်တိုက် စာကြည့်တိုက်” ဟူ၍ အဆိုရှိကြောင်း စာကြည့်တိုက်များကို အသိပညာအတတ်ပညာဟူသောအဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများသိုလှောင်သိမ်းဆည်းရာ ဘဏ်တိုက်များအဖြစ် တင်စားထားခြင်းဖြစ်ကြောင်းစသည်ဖြင့်အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ စကားပေါင်းသတ်ပုံပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲတို့တွင် ဆုရရှိသော မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် ကျောင်းသုံးဗလာစာအုပ်များကို ဆုချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များအား ပြန်လည်၍ သရုပ်ပြခြင်း၊ ပန်းတော(မူလွန်)ကျောင်းမှ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ အ-ထ-က(ခွဲ)တီထွက်ပြင်ကျောင်းမှ ကျောင်းသူများက “အနာဂတ်လူရည်ချွန်”သီချင်းဖြင့် လည်းကောင်းတေးသရုပ်ဖော်ကပြဖျော်ဖြေနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက ကြည့်ရှုအားပေးခဲ့ပြီးနောက် (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာသည်သာ ရတနာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)