ဖောင်းပြင်မြို့၌ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်အလိုက်အလှူရှင်များက မြို့နယ်လုံးကျွတ် စာရေးတံမဲများ ဆက်ကပ်လှူဒါန်း

ဖောင်းပြင် စက်တင်ဘာ ၁၁

ဖောင်းပြင်မြို့တွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ရပ်ကွက် အလိုက် အလှူရှင်များစုပေါင်း၍ မြို့နယ်လုံးကျွတ် စာရေးတံမဲများကို ဝါတွင်းကာလ သီတင်း သုံးတော်မူကြသော ဝါဆိုသံဃာတော်အရှင်သူမြတ် ၆၆ ပါးတို့အား စက်တင်ဘာလ ၆ ရက်နေ့နံနက်ပိုင်းက ဆက်ကပ် လှူဒါန်းကြသည်။

ရှေးဦးစွာ အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အား နတ်လူအပေါင်းကြည်နူးဝမ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် စာရေးတံမဲဆက်ကပ်လှူဒါန်းမည့် ပဒေသာပင်များအား အလှူရှင်များက မြို့တွင်းသို့ လှည့်လည်ကြသည်။

ထို့နောက် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်အရှင်သူမြတ်တို့အား မဲအလိုက်အလှူရှင်များက သွားရောက်ကာ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်အရှင်သူမြတ်တို့ထံမှ ဥပုတ်သီလများ ခံယူဆောက်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

စာရေးတံမဲများ ဆက်ကပ်လှူဒါန်းရာတွင် ရပ်ကွက်အလိုက်အလှူရှင်များမှ ပဒေသာပင် ၂၅ ပင်ကို လည်းကောင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် လုံခြုံရေးအဖွဲ့အစည်းများမှ ပဒေသာပင် ၁၂ ပင်ကို လည်းကောင်း၊ မြို့နယ်ဌာနဆိုင်ရာများမှ ပဒေသာပင် ၂၇ ပင်ကိုလည်းကောင်း၊ တစ်ဦးတည်း အလှူရှင် ၂ ဦးမှ ပဒေသာပင် ၂ ပင်ကိုလည်းကောင်း စုစုပေါင်းတန်ဘိုးငွေ ကျပ် ၄၇,၄၈၇,၇၀၀ ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။ 

မြို့နယ်(ပြန်/ဆက်)