ပြည် စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ဆောင်ရွက်ရာ ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ယင်းတက္ကသိုလ်မှတာဝန်ရှိများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ထက်ထက်အောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် မဲပေးစက်အသုံးပြုပုံ/အသုံးပြုနည်းအကြောင်းကို ရှင်းလင်းဆွေး နွေးပြောကြားရာ ယင်းတက္ကသိုလ်မှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များမေးမြန်းဆွေးနွေးကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများက လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)