မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကျေးရွာအရောက် တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးရွာအရောက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နေ့လယ် (၁) နာရီက ရန်မနိုင်ကျေးရွာ၊ အောင်မြေသိပ္ပံကျောင်းတိုက်၊ သုခချမ်းသာဓမ္မရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းဝင်းက ပြည်သူများ ဆန္ဒမဲပေးရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရှိ အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖဖြစ်သူဦးမျိုးညွန့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များမေးမြန်းမှုကို ရှင်းလင်းဆွေးနွေးကာ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်တစ်ဦးခြင်း လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အဆိုပါ မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရန်မနိုင်ကျေးရွာရှိပြည်သူများ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပြီး ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် လိုအပ်သည်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)