ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် စက်မှုလုပ်ငန်းရှင်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံဦးညီညီစိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်းတန်းတွင် ဆွေးနွေးပို့ချသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် ဆန်စက်၊ ဆီစက်၊ ပန့်ဆိုင်၊ ကျောက်ခွဲစက် စသည့် စက်မှုလုပ်ငန်းရှင် ၂၀ ဦးခန့်တက်ရောက်ပြီး သင်တန်းကာလသုံးရက်တွင် ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံ ညွှန်းနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေး၊ စားသုံးသူကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ စက်ရုံအလုပ်ရုံများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ အရည်အသွေးပြည့်မီရေးနှင့်စနစ်တကျ ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

စက်မှုလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနယ်ပယ်တွင်သာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင်လည်း အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများမဖြစ်ပေါ်စေရန်၊ ထိခိုက်မှုများရှိပါက ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်မည့်နည်းလမ်းများအား သိရှိနိုင်စေရန်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ ဖြစ်ပေါ်လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)