ငါးသိုင်းချောင်း စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ဗိုလိချုပ်လမ်း) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ဗိုလ်ချုပ်လမ်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလွင်က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင် ကမိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊ ကလေးတို့အတွက် အရေးကြီးသည့် စာဖတ်ဝါသနာအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများကို ကျောင်းသား/ကျောင်းသူများသိရှိပြီး လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)