ညောင်တုန်း စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့မအခြေခံပညာ အထက်တန်းကျောင်းခွဲတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက မဟာဝိသုတာရာမတိုက်သစ်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့မအခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီးက ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေသော အကြောင်းအရာများကို လိုက်နာ မှတ်သားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမင်းဝေမှူးက စာပေဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ၊ လိမ္မာယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှုအခြေခံများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နီမြင့်က သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)