မင်းတုန်းမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်း ဆောင်ရွက်

မင်းတုန်း စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်စန်းဇာခြည်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နှင်းဆင့်က အွန်လိုင်းလိမ်လည်မှုများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်စုံက ပြည်သူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်ရန်၊ Facebook၊ Viber၊ Telegram စသည်တို့ကို အသုံးပြု၍ ‌အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video clip (၂)ခုအား projector ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပြသခဲ့ကြောင်း သိရသည်။

ချင်းကလေး(NRDC)