မကွေး စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဟာဂီတအခြေခံပညာ/ အဆင့်မြင့်ပညာ အမျိုးသား၊ အမျိုးသမီး အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း - ကာလပေါ် အခြေခံပညာ/ အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်/ ဇာတိဂုဏ် အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အသက် (၁၀)နှစ်မှ (၁၅)နှစ်အထိ အခြေခံပညာအကပြိုင်ပွဲ၊ အဆင့်မြင့်ပညာအကပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ အဆင့်မြင့်ပညာ/အခြေခံပညာပြိုင်ပွဲ၊ အတီးပြိုင်ပွဲ၊ အခြေခံပညာပတ္တလား အတီးပြိုင်ပွဲ၊ အခြေခံပညာစန္ဒယားအတီးပြိုင်ပွဲ၊ အခြေခံပညာဆိုင်းတစ်ဦးချင်းပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဂုဏ်ပြုချီးကျူးစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကာ အကဲဖြတ်ဒိုင်များ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသူများက သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)