ချောက်မြို့၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ချောက် စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေး‌နွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သာယာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ညိုလဲ့ဖြူက ပြည်တွင်းအခွန်များဦးစီးဌာနရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရာတွင် လိုက်နာရမည့်အချက်များနှင့် အခွန်ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များစသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် ၈၀ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော အခွန်ထမ်းလုပ်ငန်းရှင်များ၏ သိရှိလိုသောမေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှဝန်ထမ်းများက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)