ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ စတင်နှုတ်သိမ်း၊ တစ်ဧကလျှင် ၅၅ ဒသမ ၄၂ တင်းနှုန်းထွက်ရှိ

ပွင့်ဖြူ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများမှာ မိုးလေဝသကောင်းမွန်မှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး နှုတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ တောင်သူများက ဩဂုတ်လ ဒုတိယပတ်က စတင်နှုတ်သိမ်းလျက်ရှိရာ တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၅၅ ဒသမ ၄၂ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မြေပဲ ၅၂၆၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ မြေပဲစိုက်ခင်းများကို တောင်သူများက ယခုနှစ် ဩဂုတ်လ ဒုတိယပတ်က စတင်နှုတ်သိမ်းခဲ့ရာ ယနေ့တွင် မြေပဲစိုက်ဧက ၃၈၂ ဧကထိ နှုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၅၅ ဒသမ ၄၂ တင်း ထွက်ရှိကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မြေပဲ ၃၆၁၉ ဧက လျာထားစိုက်ပျိုးခဲ့ရာတွင် ၅၂၆၇ ဧကထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ မြေပဲစိုက်ခင်းတွေဟာ နုတ်သိမ်းခြွေလှေ့ချိန်ရရှိပြီဖြစ်လို့ တောင်သူတွေက ဩဂုတ်လ ဒုတိယပတ်လောက်က စတင် နှုတ်သိမ်းလျက်ရှိရာ ဒီနေ့ထိ ၃၈၂ ဧက နုတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ဒီနှစ် မိုးလေဝသကလဲ ကောင်းမွန်ခဲ့တာကြောင့် မြေပဲစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ပြီး အထွက်နှုန်းလဲကောင်းပါတယ်။ တစ်ဧကကို မြေပဲတောင့်တင်းရေ ၅၅ ဒသမ ၄၂ တင်း ထွက်ရှိပါတယ်။ မြေပဲစိုက်ခင်းတွေ နှုတ်သိမ်းတာနဲ့ပတ်သက်ပြီး အထွက်နှုန်းလျော့နည်းမှုမဖြစ်အောင် အချိန်မီ နှုတ်သိမ်းခြွေလှေ့နည်းပညာနဲ့ နုတ်သိမ်းပြီး မြေပဲများ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ထားသိုသိမ်းဆည်းတတ်စေဖို့ နည်းပညာပေးတာတွေ ဆောင်ရွက်ပေးထားပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ မြို့နယ်အတွင်းရှိ မြေပဲစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မြေဩဇာစနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါကင်းရှင်းစေရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြေပဲကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေမည်ဖြစ်၍ မြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )