နတ်မောက်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

နတ်မောက် စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအချက်များကို သိရှိနားလည်စေရန်၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား  ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးကိုချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုသည့်အဓိပ္ပာါယ်ကို အကြမ်းဖျင်းအားဖြင့် မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်းခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း စသည့်အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရမည့်အချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ သိကောင်းစရာများအား ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ၊ ဆရာ၊ ဆရာမတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း