ပေါက်ခေါင်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ ကျောင်းသားလူငယ်လေးများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်စာဖတ်ခြင်း အလေ့အကျင့်အကြောင်းကိုလည်းကောင်း စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးအကြောင်းကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် အသီးသီးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)