ဇီးကုန်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က (ဂွေးပင်ကုန်) ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အ.ထ.က (ဂွေးပင်ကုန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူငယ်များ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ Grade-11 မှ မဂျူဂျူလင်းက "လူငယ်နှင့်စာရိတ္တ"၊ မဇွန်ပန်ဖြိုးက "လူငယ်နှင့်စာပေ"၊ Grade-10 မှ မမေမြတ်နိုးက "လူငယ်နှင့်မူးယစ်ဆေးဝါး"၊ မချမ်းမြေ့စံက "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ငလျင်အသိပညာပေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)