ပေါက်ခေါင်းမြို့နယ် အ.ထ.က (ကြို့ပင်ကန်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပေါက်ခေါင်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး၊ လူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(ကြို့ပင်ကန်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ အ.ထ.က(ကြို့ပင်ကန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်နှင့် ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က ဦးဆောင်မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ "လူငယ်နှင့်စာကြည့်တိုက် "ခေါင်းစဉ်ဖြင့် Grade-11 မှ မငြိမ်းကြယ်စင်ကလည်းကောင်း၊ "လူငယ်နှင့်မူးယစ်ဆေး" ခေါင်းစဉ်ဖြင့် Grade-12 မှ မောင်ရှင်းသန့်ကလည်းကောင်း၊ "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် Grade-8 မှ မောင်နှိုင်းရဲမာန်ကလည်းကောင်း၊ "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့် Grade-10 မှ မဝေဖူးခိုင်ကလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးပြောကြားမှုအကြောင်းအရာများအပေါ် သိရှိလိုသည့် မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)