သရက်ချောင်း စက်တင်ဘာ ၁၀
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများ၊ ပြပွဲများပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဦးစွာ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးအာကာဝေမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှု၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးတို့က "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်"ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် (အ-ထ-က)သရက်ချောင်းကျောင်း ကျောင်းသားကျောင်းသူများက "ရွှေမြန်မာသီချင်း"ဖြင့် ကပြဖျော်ဖြေသည်။
ထို့နောက် တပ်နယ်မှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ပွဲတော်တွင် ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အားကစားနည်းများအနေဖြင့် ဂုန်နီအိတ်စွတ်၊ ဘော်လုံးကောက်၊ ပူဖောင်းဖောက်၊ အပ်ချည်ထိုး၊ အပြေးပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်သောကျောင်းသား ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စာပေဟောပြောပွဲကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် Book Club အဖွဲ့ဝင် ဒေါ်မိသူဇာနှင့် စာရေးဆရာမ နုနှင်းသစ်တို့က ကျောင်းသားကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောသည်။
ယနေ့ကျင်းပသည့်ပွဲတော်သို့ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း၊ အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်း၊ အ-မ-က(မူလွန်)ပန်းတောကျောင်း၊ အ-ထက(ခွဲ)ပိန်းတောကျောင်း၊ (အ-မ-က)မြို့မ(၁)ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘများ စုစုပေါင်း (၈၀၀)ခန့် တက်ရောက်ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသ ထားသည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွဲကြသည့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို စက်တင်ဘာ ၁၁ ရက်တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)