ပုသိမ် စက်တင်ဘာ ၁၀
၂၀၂၄-၂၀ ၂၅ ပညာသင်နှစ် လူရည်ချွန်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား၊ ကျောင်သူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ဆရာမများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ အခမ်းအနားကို အ.ထ.က-၁ ရေကြည်မှ ကျောင်းသား၊ကျောင်းသူများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ”သီချင်းဖြင့် အခမ်းအနားကို သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် လူရည်ချွန်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား၊ကျောင်သူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ဆရာမများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရေကြည်မြို့နယ်၏ အောင်ချက်သည် အလယ်အလတ်အဆင့်တွင် ရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးအတွက် ဆက်လက်အသိပေးဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လိုအပ်သည်များကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းပေါင်း၇ထောင်ကျော်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၁သိန်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ Global Earth Agro Public Industry Co,.Ltd မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက်ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ ပညာရေးနှင့်ပတ်သက်၍ အားလုံးဝိုင်းဝန်းပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများပိုမိုရရှိအောင် နှစ်စမှပင်ကြိုးစားသွားကြစေလိုကြောင်းနှင့် တိုင်းဒေသကြီး၏ အောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ လူရည်ချွန်များ၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အခြေခံပညာအထက်တန်းနှင့် အထက်တန်းကျောင်း(ခွဲ)များ၊ လေးဘာသာဂုဏ်ထူးရှင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ လေးဘာသာနှင့် သုံးဘာသာ ဂုဏ်ထူးရှင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ နှစ်ဘာသာနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူများ၊ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ဆရာမများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူအသီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်များဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရေကြည်မြို့ အ.ထ.က-မြို့မမှ ကျောင်းသား၊ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်သီဆိုဖျော်ဖြေကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးကုသဆောင်အသီးသီးတွင် ဆေးတက်ရောက်ကုသနေသည့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)