ပွင့်ဖြူ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် စားသုံးသူမိဘပြည်သူများကို စားသုံးဆီများ ရောင်းချရာ၌ သတ်မှတ်စည်းကမ်းချက်များအတိုင်း စနစ်တကျရောင်းချမှုရှိစေရေး စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်စားသုံးရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူလှိုင်နှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူမိဘပြည်သူများအား စားသုံးဆီများရောင်းချရာ၌ ခွင့်ပြုထားသည့် ဘူးသွတ်စားအုန်းဆီများကိုသာ ရောင်းချရန်၊ ပြည်သူများအတွက် ဆီစားသုံးမှုအဆင်ပြေစေရန် ရောင်းချပေးလျက်ရှိသည့် ဆီများ၊ လုပ်ငန်းသုံးများအတွက် ရောင်းချထုတ်ပေးလျက်ရှိသည့်ဆီများ၊ စားအုန်းဆီအလွတ်များကို ခွက်မှောက်၊ ခွက်လှန်ရောင်းချခြင်းမျိုးမပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စားသုံးဆီအရောင်းဆိုင်များတွင် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများကို စားသုံးဆီများရောင်းချရာ၌ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားရှိသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)