ကံမ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၁)နာရီက ကံမမြို့နယ်အသင်း(ရန်ကုန်)မှ နာယကဆရာတော် ဦးဂဏုတ္တမနှင့် အသင်းဝင်တစ်ဦးတို့က ရွှေသံလွင်ကုမ္ပဏီမှ လှူဒါန်းသော ငွေကျပ် သိန်း(၁၂၀)အား ကျောင်းအကျိုးဆောင်အဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းအဝင်လမ်းမှာ မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေပြီး ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်မပြေသဖြင့် ကျောင်းအကျိုးဆောင်အဖွဲ့နှင့် မိဘဆရာအသင်းတို့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းကိုစတင်ခဲ့ကြောင်း ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းသစ်ခင်းရာတွင် လမ်းအကျယ် (၂၄)ပေ၊ လမ်းအရှည် (၂၅၀)ပေ၊ ထု (၈)လက်မနှင့် မုဒ်ဦးတံခါးပေါက် သံပန်းတံခါးအသစ်တပ်ဆင်ခြင်း၊ ရေမြောင်းများပြုပြင်ခြင်းလုပ်ငန်းများပါဝင်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၄၀၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းများအား ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားဟောင်းများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းအကျိုးဆောင်တစ်ဦးထံက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)