မင်းလှမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများကို သိရှိစေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက တောင်ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ လူတို့အသက်ရှင် ရပ်တည်နိုင်ရန်အတွက် သစ်တောသစ်ပင်သည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ သစ်ပင်များကို အလွန်အကျွံခုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မြေဩဇာ၊ ဓာတုပိုးသတ်ဆေး၊ ဆွေးမြေ့ရန်ခက်သော ပလတ်စတစ်အမှိုက်များ၏ မြေထုနှင့်ရေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုနှင့် ကမ္ဘာမြေကြီးပျက်စီးယိုယွင်းလာမှုအခြေအနေ၊ အမှိုက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အမှိုက်များ၏ ဆွေးမြေ့ပျက်စီးမှုသက်တမ်းများစသည့် သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး” အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)