ကျောင်းကုန်းမြို့၌ လက်တွေ့စမ်းသပ်မဲပေးပြီး၊ မဲရုံတည်နေရာများအား ကြည့်ရှုစစ်ဆေး

ကျောင်းကုန်း စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗျိုက်ကြီးအုပ်စု၊ ရသေ့ချောင်ကျေးရွာ၊ ဇေယျာသိဒ္ဓိသီလရှင်ကျောင်း၌ မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကော်ရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးညွန့်က အဖွင့်အမှာစကား‌ပြောကြားပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ‌ မဲပေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အရေးယူခံရနိုင်သည့် ပြစ်မှုပြစ်ဒဏ်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသောပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အခမ်းအနားသို့ ဗျိုက်ကြီး၊ ဇီးချောင်၊ဂုန်မင်း၊ ရေတာကြီး၊ ကံကလေး၊ လှည်းဆိပ်၊ လက်ပံချောင်၊ ဆိပ်ဖူးနီ၊ ရွှေပန်းငူ၊ ကျုံဖားရိုးသဲကုန်၊ စပါယ်ရုံ၊ ရောင်ပြစ်ကွင်း၊ လှေကွဲလဟာကျေးရွာတို့မှ ပြည်သူ (၁၁၃) ဦးခန့် တက်ရောက်ခဲ့ကြသည်။ထို့နောက် မဲရုံဖွင့်လှစ်မည့် တည်နေရာများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)