ပခုက္ကူ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာရေးသားနိုင်ရေး သတင်းရေးသားနည်း သင်တန်း (၃/၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် မြို့နယ်တာဝန်ခံဦးစီးအရာရှိများက သတင်း၏အဓိပ္ပာယ်၊ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များနှင့် စံသတ်မှတ်ချက်များ၊ သတင်းကောင်းတစ်ပုဒ် တည်ဆောက်နည်းနှင့် ရယူစုဆောင်နည်းများ၊ သတင်းမီဒီယာဥပဒေများ၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်များ၊ သတင်းသမားများ လိုက်နာရမည့် တာဝန်များနှင့် စည်းမျဉ်း၊ စည်းကမ်းများ၊ သတင်းဆောင်းပါးရေးသားနည်းများ၊ သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းများကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးကြသည်။
အဆိုပါ သင်တန်းကို ၂၀၂၅ခုနှစ် စက်တင်ဘာလ ၉ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သင်ကြားရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပခုက္ကူခရိုင်ရုံးမှ ဝန်ထမ်းများ တွဲဖက်ဝန်ထမ်းများနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)