ပွင့်ဖြူမြို့နယ်၌ လယ်ယာမြေများ အခြားနည်းဖြင့်အသုံးပြုရန် တင်ပြလာသော လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း လယ်ယာမြေများ အခြားနည်းဖြင့် အသုံးပြုရန် တင်ပြလာသောလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း လယ်ယာမြေများ အခြားနည်းဖြင့် အသုံးပြုရန် တင်ပြလာသော လယ်ကိုင်းကျေးရွာရှိ ကွင်းအမှတ် ၉၇၇၊ ဦးပိုင်အမှတ် ၉၅ တွင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် Power စားသောက်ဆိုင်လုပ်ငန်းမြေနေရာနှင့် ကွင်းအမှတ် ၉၅၃၊ ဦးပိုင်အမှတ် ၈၀/၁ တွင် ဆောက်လုပ်ထားသော လယ်ကိုင်းနယ်မြေမီးသတ်စခန်းမြေနေရာ၊ ကျောင်းတော်ရာကျေးရွာရှိ ကွင်းအမှတ် ၈၅၂၊ ဦးပိုင်အမှတ် ၁၄၉/၂ တွင် ဆောက်လုပ်ထားသော ကျောင်းတော်ရာနယ်မြေမီးသတ်စခန်းမြေနေရာနှင့် ကွင်းအမှတ် ၈၆၆၊ ဦးပိုင်အမှတ် ၁၆၉ တွင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် ကုန်စုံဆိုင်လုပ်ငန်းမြေနေရာ၊ ဥယျာဉ်ကျစ်ကျေးရွာရှိ ကွင်းအမှတ် ၇၇၆၊ ဦးပိုင်အမှတ် (၃၊ ၆) တွင် ဆောင်ရွက်လုပ်ကိုင်နေသော ကျွဲနွားမွေးမြူရေးနှင့် စုဆောင်းရေးလုပ်ငန်း(အစား) ဆီစက်လုပ်ငန်းမြေနေရာ၊  ကန်ပြည့်ကျေးရွာရှိ ကွင်းအမှတ် ၆၉၀၊ ဦးပိုင်အမှတ် ၇၀ တွင် လုပ်ကိုင်လျက်ရှိသည့် ငါးမွေးမြူရေးကန်မြေနေရာ၊ ကွင်းအမှတ် ၆၈၉၊ ဦးပိုင်အမှတ် (၂၂ ၊ ၂၃)တွင် လုပ်ကိုင်လျက်ရှိသည့် ငါးမွေးမြူရေးကန်မြေနေရာနှင့် ကျောင်းကုန်းကြီးကျေးရွာရှိ ကွင်းအမှတ် ၇၀၅၊ ဦးပိုင်အမှတ် ၁၅ ၊ ၁၆(ခ) ၊ ၃၁ တွင် တည်ရှိသော ငါးလုပ်ငန်းဦးစီးဌာန၏ ငါးသားဖောက်စခန်းမြေနေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်းများနှင့်ပတ်သက်၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သတ်မှတ်ထားသော SOP နှင့်အညီ ညွှန်ကြားချက်ပါအတိုင်း အလေးထားလိုက်နာဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ လမ်းပန်းဆက်သွယ်သွားလာရေးအဆင်ပြေစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာသွားကားလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ပွင့်ဖြူ-စလင်းသွား ကားလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပွင့်ဖြူ - စလင်း - စင်ပင်ကျွန်း - ဆိပ်ဖြူသွား လမ်းတွင် ရေကျော်ကွန်ကရစ်တံတားတည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီဆောင်ရွက်ပြီးစီးရေး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )