နတ်မောက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတ ကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်ပေါ်စေရန်၊ အနုပညာကို တန်ဖိုးထားတတ်စေရန်၊ ပင်ကိုစိတ်ကူးစိတ်သန်း ပိုမိုထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဆက်လက်ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူများမှ “လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ကြပါစို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အိုးဘိုနှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ကျောင်းသား/သူစုစုပေါင်း (၂၇) ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၅ ခုနှစ်၊ စက်တက်ဘာလ (၁၃)ရက်နေ့တွင် ကျင်းပမည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
လှဝင်း