ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် Smart Village စီမံကိန်း ရွှေဘိုရွာသစ်ကျေးရွာ၌ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ရွှေဘိုရွာသစ်ကျေးရွာ၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် Smart Village စီမံကိန်းမှ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် အလျား ၆၀ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေရှိ ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ် ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာစီမံကိန်းကော်မတီဝင်များကိုတွေ့ဆုံ၍ လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ်ကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၅၄ ဒသမ ၇ သန်း၊ စုစုပေါင်းငွေကျပ် ၇၄ ဒသမ ၆ သန်းဖြင့်  အသုံးပြု၍ ဌာနမှ တာဝန်ယူကြီးကြပ်ကာ ယခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၃၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)