မြောင်းမြစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ ကျောင်းဆင်းနှုတ်ဆက်ပွဲအခမ်းအနား ပြုလုပ်

​မြောင်းမြ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ ကျောင်းဆင်းနှုတ်ဆက်ပွဲအခမ်းအနားအား အဆိုပါကျောင်းရှိ မြကျွန်းရွှေဝါ ခန်းမတွင်စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများက "နှုတ်ဆက်ခဲ့ပြီသိပ္ပံမြေ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မြောင်းမြစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးက နှုတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသား/​သူများ ကိုယ်စားကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က နှုတ်ဆက်စကားပြောကြားခဲ့ပြီး နောက်ဆုံးနှစ် ကျောင်းသား/သူများက ကျောင်းအတွက်လိုအပ်သည်များကို လှူဒါန်းပေးအပ်ခဲ့သည်။ ၎င်းနောက် Floral Arrangement Lesson အတွက် Section 4 ခု မှယှဥ်ပြိုင်ခြင်း ပ ဒု တ နှစ်သိမ့်ဆုများပေးအပ်ခဲ့ပြီးမြန်မာ့ ရိုးရာဆိုင်းဝိုင်းဖြင့် အဆို၊ အကများ စုံလင်စွာဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသားဦးရေ (၄၁၁) ဦးတက်ရောက်သင်ကြားနေပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (၃၈) ကြိမ်မြောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးနှစ်အောင်မြင်ပြီးဆုံးပါက စိုက်ပျိုးရေးဒီပလိုမာဘွဲ့ (Dip.Agri) ပေးအပ်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဖြိုး