အ.ထ.က (၂) နေခြည်မြန်အောင်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မြန်အောင် စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပ​သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နံနက်က အ.ထ.က (၂) နေခြည်ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးကျော်ကျော်စိုးနှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းတို့က ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းများကျင်းပပြု လုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းတွင် ဆရာမဒေါ်ထက်ထက်ဦး ဦးဆောင်၍ Grade- 9 မှ မောင်ထက်ဘုန်းပြည့်က လူငယ်နှင့်စည်းကမ်း၊ Grade-10 မှ မောင်စွမ်းထက်အောင်က လူငယ်နှင့်ပညာ၊ Grade-10 မှ မဆုပန်ထွာလင်းက လူငယ်နှင့်မူးယစ်ဆေး၊ Grade-10 မှ မဆုမြတ်မွန်က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဉ်များဖြင့်ပါဝင်ဆွေးနွေးကြရာ တက်ရောက်ကြသည့်ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြသည်။ ယင်းနောက် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်တို့က ကျောင်းသားကျောင်းသူ လူငယ်များအသိပညာ ဗဟုသုတတိုးပွားစေရန် ကဏ္ဍအလိုက်အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)