မြောင်းမြ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် "ဦးဘချို" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်က "ဦးဘချို" စာကြည့်တိုက်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်က စာကြည့်တိုက်သို့ စာအုပ်စာစောင်များ၊ MRTV DTH စလောင်းနှင့်စက်အား ပေးအပ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွန်းပင်မြို့၌ ကျင်းပသည့် Badminton Asia Regional Championships 2025 (Southeast Asia) Mixed Team &Individual Event နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကြက်တောင်အားကစားသမား မောင်ကောင်းခန့်ဇော်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဆက်လက်၍ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကကြီး ဒေါ်ကြည်ကြည်ထွန်းက "ဦးဘချို" စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင်များက လိုအပ်သည့် ပရိဘောဂနှင့် စာအုပ်စာစောင်များ ဆက်လက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)