ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

ကျွန်းစု စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ-ထ-က ကျွန်းစုကျောင်းတို့ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အ-ထ-က ကျွန်းစုကျောင်း၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးဝင်းနှင့် တာဝန်ရှိသူများက KG ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား နေ့လယ်စာ ကျွေးမွေးခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင်ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေး တိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၂)ကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅၅၉ ဦး ကို ဩဂုတ်လတွင် (၁)ကြိမ် နှင့် စက်တင်ဘာလတွင် (၁)ကြိမ် ကျွေးမွေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)