ကျုံပျော် စက်တင်ဘာ ၁၀
ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျုံပျော်မြို့နယ် မိုးကြိုးပစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခု အသိပညာပေးဟောပြောပွဲမှ ဗဟုသုတများကို စနစ်တကျလေ့လာမှတ်သားကြရန် အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက မူးယစ်ဆေးဝါးနှင့် ဆေးလိပ်အန္တရာယ်၊ စာဖတ်ခြင်းဖြင့်ရရှိစေမည့် အကျိုး ကျေးဇူးများနှင့် စာဖတ်ရှိန်မြင့်မားရေး၊ စာဖတ်သူနှင့် စာမဖတ်သူကွာခြားချက်၊ စာတတ်သူတိုင်း စာဖတ်ကြရန်တို့ကို ဆွေးနွေးဟောပြောသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မေဝင်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူ၏ အဓိပ္ပါယ်၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်၊ ဌာန၏ စားသုံးသူ အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် စာသုံးသူတို့၏ အခွင့်အရေးများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအခြေအနေများကို ဆွေးနွေးဟောပြောသည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်သား၊ ကျောင်းသူလေးများအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ရှင်းလင်းပြသခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)