စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှုခြင်း

မုံရွာ၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီးစေတီတော်၊ ရတနာစေတီဆင်များရှင်စေတီတော်၊ မဟာစေတီတော်ကြီးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင် စီမံဆောင်ရွက်ထားရှိမှုများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စစ်ကိုင်းခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေး၊ တရားဝင်ကုန်စည်များ ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးနှင့် မလိုအပ်သည့်ဆောင်ရွက်မှုများကြောင့် ခရီးသွားပြည်သူများနှင့် ကုန်သည်များ ခက်ခဲကြန့်ကြာမှုမရှိစေရန် ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင် ငွေကြေးကောက်ခံမှုများမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆင့်မြင့်ပညာ အက(ကျား)နှင့် ၁၅-၂၀ အက(ကျား) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသည့် အနုပညာရှင်ကြီးများအား ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အဆင့်မြင့်ပညာ အက(မ)နှင့် ၁၀-၁၅ အက(မ)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရရှိကြသူများအားလည်းကောင်း ငွေသားဆုနှင့်ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကော်လိပ်များမှ ပါမောက္ခချုပ်များနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ငွေသားဆုနှင့်ဆုတံ ဆိပ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၏ ပြန်လည်ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)