မြဝတီ စက်တင်ဘာ ၁၀
(၂၆)ကြိမ်မြောက် မြဝတီမြို့အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိကြသည့် မြဝတီခရိုင်ကိုယ်စားပြု ပြည်နယ်အဆင့်ဝင်ရောက်ယှဥ်ပြိုင်မည့်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်၌ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက မြဝတီခရိုင်ကိုယ်စားပြုပြည်နယ်အဆင့်သွားရောက်ယှဥ်ပြိုင်မည့်ပြိုင်ပွဲဝင် (၁၀)ဦးသည် အကောင်းဆုံးရွေးချယ်ထားသူများဖြစ်၍ ပြီးခဲ့တဲ့ပြိုင်ပွဲကို အခြေခံ၍ အားနည်းချက်များကို သတိထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီမံအုပ်ချုပ်သူအနေဖြင့် အုပ်ချုပ်၊ထောက်ပံ့မှု ကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရိုင်ကိုယ်စားပြုသွားရောက်ယှဥ်ပြိုင် မည့် လူငယ်မောင်မယ်များသည်လည်း အားထည့်ကြိုးစားကြပြီး ဆုများရယူလာမည်ဟု ယုံကြည်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က မြဝတီခရိုင်ကိုယ်စားပြု ပြည်နယ်အဆင့်အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသွားရောက်ယှဥ်ပြိုင်ကြမည့်ပြိုင်ပွဲဝင်များအား အုပ်ချုပ်၊ ထောက်ပံ့မှု ကိစ္စရပ်များ စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြောကြားခဲ့ပြီး ဝင်ရောက်ယှဥ်ပြိုင်မည့်မြဝတီခရိုင် ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ ကျပ်(၁၅၀)သိန်းကိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်နှင့် ပြည်နယ်အဆင့်ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်အဆင့်ဝင်ရောက်ယှဥ်ပြိုင်ကြမည့်မြဝတီခရိုင် ကိုယ်စားပြုပြိုင်ပွဲဝင် (၁၀) ဦး က တစ်ဦးချင်းအလိုက် မိတ်ဆက်စကားပြောကြားခဲ့ကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)