ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့်လက်တွေ့စမ်းသပ်မဲပေးခြင်းများဆက်လက်ဆောင်ရွက်

ဖျာပုံ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က ဗျိုင်းကဇီးကျေးရွာနှင့်ဒေါ် ညိမ်းကျေးရွာ အုပ်စုများတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့်လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး​မြင့်ဇော် ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မိုးလှိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အဖွဲ့များခွဲ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားများတွင် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်သည် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကာ လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြီးမားသော အထောက်အကူဖြစ်စေပြီး တက်ရောက်လာသူများအနေဖြင့် ယခုလက်တွေ့စမ်းသပ်မဲပေးခြင်းမှ ရရှိသည့် အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်သို့ ထပ်ဆင့်မျှဝေပေးသွားကြရန်တို့ကို ပြောကြားခဲ့ပြီးနောက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ တက်ရောက်လာကြသော ဗျိုင်းကဇီးကျေးရွာနှင့်ဒေါ် ညိမ်းကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲမေးစက်ဖြင့် မဲပေးခြင်းအား စနစ်တကျစုပေါင်း၍ စမ်းသပ်မဲပေးခဲ့ကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅)အုပ်စု၌ မဲရုံပေါင်း(၁၇၇)ရုံ ဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တင်ပြထားသည့် ပါတီပေါင်း(၁၀)ခုရှိပြီး မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ပညာရေးဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများအား မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ် ဆောင်ရွက်ထားပြီးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲအသိပညာပေးဟောပြော သရုပ်ပြသမှုလုပ်ငန်းများကို ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)
၀၉၄၄၁၅၅၁၇၇၃