ပေါက်ခေါင်းမြို့နယ်၊ ကြိုးကြာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပေါက်ခေါင်း စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ကြိုးကြာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သွားနှင့်ခံတွင်းကျန်းမာရေးနှင့် ပတ်သက်သောအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးပြောကြားပြီး ကျောင်းကျန်းမာရေးဝန်ထမ်းများက ကျောင်းမုန့်စျေးဆိုင်များ အိုင်အိုဒင်းဆားသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ စနစ်မှန်လက်ဆေးနည်းသင်ကြားပေးခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှု ရှိ၊ မရှိ စစ်ဆေးခြင်းတို့အပြင် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လက် သည်းခြေသည်းများစစ်ဆေးပေးခြင်း အစရှိသည့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအားပြုလုပ်ပေးပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုများကို ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)