ဂန့်ဂေါ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလက်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းနှင့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလက်တန်းကျောင်း(ခွဲ) (ကျောတိုက်)ကျောင်းတို့တွင် KG ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းအခြေပြု ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက KG ကျောင်းသား၊ ကျောင်းသူလေးများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို ထိုးနှံပေးကာ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးခြင်းကို အခြေခံပညာအလက်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ(၄၃)ဦးနှင့် အခြေခံပညာအလက်တန်းကျောင်း(ခွဲ) (ကျောတိုက်) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ(၅၁)ဦး၊ စုစုပေါင်း KG ကျောင်းသား၊ ကျောင်းသူ(၉၄)ဦးတို့အား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးများထိုးနှံရန်ကျန်ရှိသည့် မြို့ပေါ်ရှိ အခြေခံပညာကျောင်း(၅)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများကို အလှည့်ကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း