ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစီးမှူး ဦးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးစည်သူကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆိုင်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား လစဥ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင် ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)