ပွင့်ဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းဆိုင်ရာ အသိပညာပေးခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို  ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုရှိ သန္ဒိသုခဓမ္မာရုံတွင်လည်းကောင်း၊ ညောင်ပင်ကျေးရွာအုပ်စုရှိ ရွာလယ်ဓမ္မာရုံတွင်လည်းကောင်းကျင်းပခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာနေပြည်သူများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်တဥ္ဇာစိုးနှင့် တာဝန်ရှိသူများက  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် မဲပေးစက်၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများပူးပေါင်းအဖွဲ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည့် အခြေအနေများ၊ ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုပုံများနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများ၏ သိရှိလိုသည့်အချက်များကို ရှင်းလင်းဖြေကြားပေးပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးရာ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)