ချောက်မြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာ​ပေး​ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြသ

ချောက် စက်တင်ဘာ ၁၀

မကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို လူထုအ​ခြေပြုဗဟိုဌာန (Community   Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာကျောင်းသား၊ ကျောင်းသူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုများကို ပရိုဂျက်တာဖြင့် ပြသ‌ပေးခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲတွင် အ.မ.က (၁)​​ပုဂံကျောင်း၊ ကျောင်းအုပ်ဆရာကြီး​ဦးအေးလွင်ကအဖွင့် အမှာစကား​ပြောကြား​ပြီး မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး” ခေါင်းစဥ်ဖြင့် လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုနဲ့လူမှောင်ခိုကူးမှုတို့၏ ကွာခြားချက်၊​ပြစ်မှုကျူးလွန်ပုံ၊ ကျူးလွန်နည်း၊ ကျူးလွန်ခံရသူများ၏ နစ်နာမှုအတိမ်အနက်၊ ဖြစ်ပွားနိုင်သည့်ဒေသအခြေအနေ မတူညီမှုများ၊ လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းအရင်း၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုကျူးလွန်မခံရအောင် ဘယ်လိုကာကွယ်မလဲ စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စား​သုံးရန်မသင့်​သောအစားအစားများ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦး‌နေလင်းဦးက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာအကြောင်းကိုလည်ကောင်း အသီးသီး​ဟော​ပြောခဲ့ကြသည်။

​ထို့​နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊​ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား စိတ်ဝင်တစားကြည့်ရှုခဲ့​ကြပြီး ကျောင်းသား၊​ ကျောင်းသူများ၏ မေးမြန်းချက်များကို မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြား​ပေးခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက​ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းသော အစားအစားများသာ ဝယ်ယူရရှိနိုင်ရေး အ.မ.က (၁)ပုဂံ‌ကျောင်းအနီး ရောင်းချသောမုန့်စျေးဆိုင်အား စားသုံးသူအန္တရာယ်ကင်းရှင်း​​စေ​ရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ​ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)