ငဖဲ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုအန္တရာယ်သတိပြုကာကွယ်(ဆောင်းပါး)၊ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက် ၄ ရပ်၊ စုပေါင်းကာကွယ်လူကုန်ကူးမှုအန္တရာယ်(ကဗျာ)၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများတွင်တွေ့ရသော လူကုန်ကူးမှုပုံစံများ၊ ပန်းချီ၊ ဓါတ်ပုံများ၊ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်မှာ “ လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများ၊ ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် နေ့ကြီးရက်ကြီးအထိမ်းအမှတ် အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပုံမှန်လဲလှယ်၍ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)