ပိုင်ကျုံ စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို စက်တင်ဘာ ၉ ရက်နေ့နံနက် ၁၀ နာရီက ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူတို့က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများ သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မဲပေးစက်ဖြင့် မဲပေးပုံ/မဲပေးနည်းစနစ်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ဆောင်ခဲ့ကြကြောင်း ထိုဆွေးနွေးပွဲတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အမှတ်(၅)ရပ်ကွက် ရပ်မိ/ ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)