(၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၅

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ မြန်မာ့ဆိုင်းဝိုင်းဖြင့် “လက်ရည်တပြင်တည်း” သီချင်းသီဆို၍ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။        

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နက်နဲသိမ်မွေ့ပြီး အဆင့်အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ အဆို၊ အက၊ အရေး၊ အတီးပညာရပ်များအပေါ် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဂုဏ်ယူမြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေရန်အတွက် အားပေးမြှင့်တင်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် ဗလ(၅)တန်နှင့်ပြည့်စုံသော သားကောင်းရတနာ၊ သမီးကောင်းရတနာအဖြစ် ပြုစုပျိုးထောင်ပေးရာတွင် ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များသည် အခြေခံကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအဆင့်မှ ရွေးချယ်ခံထားရသူများအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် အမှတ်ပေးစံနှုန်းများနှင့်ညီညွတ်အောင် ဝတ်စားဆင်ယင်၊ တီးခတ်သီဆို ကပြယှဉ်ပြိုင်နိုင်မှသာ ထိုက်တန်သည့် ဆုတံဆိပ်များရရှိနိုင်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပဲခူးမြို့၌ စခန်းသွင်းလေ့ကျင့်ရာတွင် ဝါရင့်သမ္ဘာရင့်အနုပညာရှင်များ၊ အနုပညာကို ချစ်မြတ်နိုးတန်ဖိုးထားသူများ၊ ဝါသနာကို အရင်းတည်၍ လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှိသူများ၏ စနစ်တကျသင်ကြားပြသပေးမှုများကို မှတ်သားလိုက်နာ၍ စခန်းဝင်လေ့ကျင့်သည့်အချိန်မှစတင်၍ နိုင်ငံတော်အဆင့် ပြိုင်ပွဲပြီးဆုံးသည်အချိန်ထိ စွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။    

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အထူးဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်တွင် ဘာသာရပ်အလိုက် ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်များက သက်ဆိုင်ရာဘာသာရပ်အလိုက် သီဆို၊ တီးခတ်၊ ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုနှင့် ပြိုင်ပွဲတွင် အနီးကပ်ကြီးကြပ်ပေးခဲ့ကြသည့် နည်းပြနှင့်ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုပန်းခြင်းနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကာ ဂုဏ်ပြုဆုရရှိသည့် ပြိုင်ပွဲဝင်များနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ အဆိုဘာသာရပ်(၃)ခု၊ အကဘာသာရပ်(၁)ခု၊ အရေးဘာသာရပ်(၁၁)ခု၊ စုစုပေါင်းအမျိုးအစား(၁၆)ခုအား ပြိုင်ပွဲဝင်(၁၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၉)ခု၊ အထူးဆု (၂၄)ဆု၊ ငွေတံဆိပ်(၂၉)ခု၊ ကြေးတံဆိပ်(၁၆)ခုနှင့် နှစ်သိမ့်ဆု(၃၀)ဆု စုစုပေါင်း(၁၂၈)ခုနှင့် ဂုဏ်ပြုငွေသားဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)