ပန်းတ‌နော်မြို့၌မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းများ ဆောင်ရွက်

ပန်းတနော် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျုံတုံးကြီးကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ FAMOUS (SBP) Energy စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ် ပြခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက စက်သုံးဆီဆိုင်ရှိ ဝန်ထမ်းများကို မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများဟောပြောခြင်း၊ မီးလောင်မှု ဖြစ်ပွားလာပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့် အနီးပတ်ဝန်းကျင်ကို မီးကူးစက်ခြင်းမရှိစေရေးအတွက် အအေးပေးစနစ်ဖြင့် အပူချိန်လျှော့ချခြင်းများအား ဟောပြောခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက် Fire Safety Certificate (FSC)ရရှိရေး ဆောင်ရွက်ရန်များအား ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်စခန်းမှူး ဦးဇေဇေအောင်က မီးအတန်းအစားအကြောင်း ဟောပြောခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး DCP မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ Foam ဆေးရည်အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ယာဥ်များဖြင့် ရေဖြန်းပက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးဘေးသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး ပန်းတနော်မြို့နယ်မီးသတ်ဦးစီးဌာနမှ သာသနိကအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ တည်းခိုခန်းများ၊ လူနေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)