ကာလတိုအတွင်း စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရန် စက်ကိရိယာများ ပိုမိုသုံးစွဲ

ဘားအံ စက်တင်ဘာ ၉

ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် ကာလတိုအတွင်း စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး လယ်ယာလုပ်ငန်းခွင်ကို စက်မှုလယ်ယာစနစ်သို့ကူးပြောင်းပြီး စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် ပြည်နယ်စက်မှု လယ်ယာဦးစီးဌာန၊ အမှတ် (၂၀) စက်မှုလယ်ယာစခန်း (ဘားအံ) မှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်တွဲဖက်သုံး (၁၀) တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ရဲသာ(ကမော့ကစင်) ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၈၇၊ ကမော့ကစင်အရှေ့ကွင်း တောင်သူဒေါ်မူးဖေါင်ဆိန့်၏လယ်မြေ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချု ပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ လယ်ယာလုပ်သားရှားပါးသည့် အခြေအနေတွင် အဓိကသီးနှံတစ်ခုဖြစ်သော စပါးသီးနှံကို အလွယ်တကူကြဲပက်စိုက်ပျိုးနေကြပြီး ကြားပေါင်းလိုက်ရခက်ခဲခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း၊ လေ့လွင့်ဆုံးရှုံးမှုများခြင်း၊ သီးနှံအရည်အသွေးကျဆင်းခြင်းတို့ကြောင့် အလွယ်တကူကြဲပက်စိုက်ပျိုးခြင်းအစား ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစိုက်ပျိုးကြစေလိုကြောင်း၊ တက်ရောက်လာသော တောင်သူများအနေဖြင့် ယနေ့ကျင်းပသည့် မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးပြသခြင်းသရုပ်ပြပွဲကိုကြည့်ရှုပြီး သိရှိမေးမြန်းလိုသည့်အချက်အလက်များကို သက်ဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများကိုမေးမြန်းပြီး  မိမိတို့၏လယ်ယာမြေများတွင် သင့်တော်သည့်စိုက်နည်းစနစ်များကို အသုံးပြု၍ စနစ်တကျအတန်းလိုက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မျိုးစေ့ချကိရိယာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရဲသာ (ကမော့ကစင်)၊ တော်ပုံ၊ လှိုင်ကမ္ဘာ၊ တရုတ်လှ၊ လှာကဒေါင်ကျေးရွာများမှ တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာများကို အခမဲ့ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းနှင့် ငါးအမိုင်နိုအက်စစ် ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြုလုပ်ပြသရာ တောင်သူများက လေ့လာကြည့်ရှုအားပေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်နော်သူးလေထီးနှင့် တာဝန်ရှိသူများက တောင်သူများကိုယ်တိုင် ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ်ပြန်လည်ပြုလုပ်သုံးစွဲကြမည့် တောင်သူများအား အီးအမ် (အပြင်း) ရည်များနှင့် ပေါင်းသတ်ဆေးများကို အခမဲ့ဖြန့်ဝေပေးအပ်သည်။

ထို့နောက် အမှတ် (၂၀) စက်မှုလယ်ယာစခန်း ဘားအံမြို့က ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး (၁၀) တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းတို့ကို ကွင်းသရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တောင်သူဦးကြီးများ တက်ရောက်လေ့လာကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ ကောက်စိုက်သမများ၏ မိုးစပါးစိုက်ပျိုးကောက်စိုက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်အမျိုးသားဘောလုံးအသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ကထိကများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံတက္ကသိုလ်အမျိုးသားဘောလုံးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ ပူးတွဲတတိယဆုရရှိသော စိုက်ပျိုးရေးသိပ္ပံအသင်းနှင့် နည်းပညာတက္ကသိုလ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၅) သိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသော ဘားအံပညာရေးဒီဂရီကောလိပ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၀) သိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ် ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၅) သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)