ပုလော စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်၊ ပုလောမြို့၊ မူလွန်- ၄ ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့ မူလွန်-၄ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စန်းစန်းဝေက လက်ကိုင်ဖုန်းများဖြင့် Social Media အသုံးပြု၍ အယုံသွင်းကာ ငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင်ကာ လူကုန်ကူးခြင်းများကို အသိသတိဖြင့် ဆင်ခြင်ကြပြီး လိမ်လည်လှည့်ဖြားခြင်း မခံရအောင် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးကို ဟောပြောဆွေးနွေးခဲ့ပြီး၊၊ လန်ချား-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာန (LNECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဗီဒီယို (၂)ပုဒ်ကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)