ပြည်ကြီးမဏ္ဍိုင်မြို့၌(KG) ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်  စက်တင်ဘာ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသင်ယူနေသည့် (KG) ကျောင်းသား/ ကျောင်းသူများအား  ပထမအကြိမ်အဖြစ်  အာဟာရကျွေးမွေးခြင်းကို  စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ထိုသို့ ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် (KG) ကျောင်းသား/ ကျောင်းသူ (၄၅) ဦးတို့အား အစာအာဟာရ သုံးအုပ်စုတွင် ပါဝင်သော ထမင်း၊ ကြက်သားကြော်၊ အာလူးဟင်း၊ ပဲနီလေး (ဟင်းချို) နှင့် ပဲနို့တို့ကို နံနက်စာအဖြစ် ကျွေးမွေးခဲ့ရာ အဆိုပါကျွေးမွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး၊ မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက လိုက်လံကြည့်ရှုခဲ့ကြသည်။

ကျောင်းသား/ ကျောင်းသူများ၏ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးအတွက် အစာအာဟာရများကို သင့်တင့်မျှတစွာစားသုံးနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသောကလေးငယ်များ ဖြစ်လာစေရေးအတွက် ဖြည့်စွက်အစာများကို ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)