တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို Professional Youth Leadership Management သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် စက်တင်ဘာ ၉

တိုင်းရင်းသားလူငယ်များအတွက် အချိန်နှင့်လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲတတ်စေရန်ရည်ရွယ်၍ Professional Youth Leadership Management သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာအသီးသီးရှိ လူငယ်ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားလူငယ်များ အဖွဲ့အစည်းနှင့်လုပ်ကိုင် ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်စေရန်၊ မိမိတို့၏ကိုယ်ပိုင်အချိန်နှင့်လုပ်ငန်းခွင်အတွင်း အချိန်ကိုလေးစားတန်ဖိုးထား၍ စီမံခန့်ခွဲတတ်စေရန်နှင့် အချိန်၏တန်ဖိုးကို လေးစား ၍ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်ကောင်းပီသစွာလူ့စွမ်းအား အရင်းအမြစ်များကို စီမံခန့်ခွဲနိုင်စေရန်ရည်ရွယ်၍ Professional Youth Leadership Management သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းခွင်အတွင်း အချိန်နှင့်အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်သော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာမည်ဟု ယုံကြည်ကြောင်း၊ Professional Youth Leadership Management သည် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ပူးပေါင်းဆောင် ရွက်နိုင်စေသည့် အကျိုးကျေးဇူးများရရှိကြောင်း၊ သင်တန်းတက်ရောက်ပြီး လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရေးကဏ္ဍတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြ (၃) ဦးအား ဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။

ဆက်လက်၍သင်တန်းသား၊ သင်တန်းသူများ ရိုက်ကူးထားသော Video Clip ပြသပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)