ကော့သောင်းမြို့တွင် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ

ကော့သောင်း စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဩဂုတ်လ (၂၅) ရက်နေ့မှစ၍ အားကစားအမျိုးအစား (၆) မျိုးအား သတ်မှတ်အချိန်ဇယားများအလိုက် ယှဉ်ပြိုင်ကစားလျက်ရှိရာ စက်တင်ဘာ ၉ ရက်နေ့တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲကို ခရိုင်အားကစားခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အသက် (၁၈) နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲတွင် နယ်မြေ (‌၂) အသင်းနှင့် နယ်မြေ (၃) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်မြေ (၂) အသင်းက အနိုင်ရရှိခဲ့သည်။

ယင်း‌နောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအားဆက်လက်ကျင်းပရာ အ.ထ.က (ခွဲ) အ.လ.က (၂) အသင်းမှ အ.ထ.က(၂) အသင်းအား အနိုင်ရရှိခဲ့သည်။

ထို့နောက် အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲတွင် နယ်မြေ (၁) (က) အသင်းနှင့် နယ်မြေ (၃) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်မြေ (၃) အသင်းက အနိုင်ရရှိခဲ့ကြသည်။ အလားတူ ကြက်တောင်အားကစားပြိုင်ပွဲနှင့်စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများအား မြို့မအားကစားကွင်း၊ ကြက်တောင်အားကစားခန်းမတွင် ကျင်းပရာ အမျိုးသမီးကြက်တောင်ရိုက် (အသင်းလိုက်) ပြိုင်ပွဲတွင် အ.ထ.က (ခွဲ) အ.လ.က (၂) အသင်းမှလည်းကောင်း၊ အမျိုးသားကြက်တောင်ရိုက် (အသင်းလိုက်) ပြိုင်ပွဲတွင် အ.ထ.က (ခွဲ) အ.လ.က (၁) အသင်းမှလည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသား (အသင်းလိုက်) ပြိုင်ပွဲတွင် မေတ္တာစိုးကိုယ်ပိုင်အထက်တန်း ကျောင်းကဗိုလ်ဆွဲခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အ.လ.က (ခွဲ) (၇) မိုင်ကျောင်းသူ (၃) ဦးက ပထမ၊ ဒုတိယ၊ တတိယ အသီးသီးရရှိခဲ့ကြသည်။

အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများက (ဘော်လီဘော၊ ပိုက်ကျာ်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်) ပြိုင်ပွဲများမှ ဆုရရှိကြသူများအား လည်ဆွဲဆု၊ ‌ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲများယှဉ်ပြိုင်မှုအား ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တခဲနက် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ပြန်/ဆက်)