စလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စလင်း စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကူတိုကျေးရွာ အလယ်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍၊ ယနေ့နေ့လယ် (၁၂)နာရီ ၃၀ မိနစ်အချိန်၌ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ ဆောင်ရွက်သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအေးလင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် ကလေးငယ်များ အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန် ခိုင်းစေခြင်းမပြုကြရန်နှင့် ငွေကြေးများပေး၍ ဖျားရောင်းကာခိုင်းစေခြင်းမှ လွတ်ကင်းစေရန်၊ မိဘများသတိထားရမည့် အချက်များကို၊ အကျယ်တဝင့်ပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးမိုးသူက စာဖတ်ခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကူတိုကျေးရွာ အလယ်တန်းကျောင်းမှ ဆရာဦးကျော်သက်နောင်မှ ပြည်သူ့နီတိအကြောင်းအရာများကို ဆွေးနွေးပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းလင်းမောင်က ဆိုးဆေးအန္တရာယ်များအကြောင်း သက်တမ်းလွန်အစားသောက်များနှင့် ကုန်စည်အမှတ်တံဆိပ်၊ကုန်ညွှန်းအမှတ်အသားနှင့် အန္တရာယ်ရှိသော အစားအစာများအား ဝယ်ယူစားသုံးမှုမရှိစေရေးအတွက် ပြည့်စုံစွာ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဗိုဇွဲနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ (၁၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မောင်လွင်(စလင်း)